Tuesday, August 14, 2012

ရေပေါ်မှာ ပန်းချီဆွဲနိုင်ပြီ…………..


လူသားတွေဟာ သမိုင်း မတင်မီခေတ်ကတည်းကစလို့ ရုပ်ပုံတွေကို နေရာအနှံ့ရေးဆွဲလာခဲ့ကြပါတယ်။ နေထိုင်တဲ့ ဂူနံရံတွေပေါ်၊ တောထဲတောင်ထဲက သစ်ပင်ပင် စည်တွေ၊ သစ်သားပြားတွေပေါ်နဲ့ မြေပြင်ပေါ် နေရာအနှံ့ တွေမှာ ရေးဆွဲခဲ့ပါသည်။ တဖြည်းဖြည်းတိုးတက်လာသောအခါမှာတော့ ကင်းဗတ်စ် လို့ခေါ်တဲ့ အောက်ခံစက္ကူ တို့ပိတ်သားတို့ ပေါ်မှာရေးဆွဲခဲ့ပါသည်။ ဒစ်ဂျစ်တယ်စနစ်ခေတ်စားလာတဲ့ ဒီဘက်ခေတ်မှာတော့ ကွန်ပျူတာဖန်သား ပြင်ပေါ်မှာ လေဆာပုံစံတွေ ဖန်တီးလာခဲ့ကြတာမို့ လေထဲမှာ ပန်းချီဆွဲတယ်လို့ဆိုရင်တောင် မမှားနိုင်ပါဘူး။
          အခုတော့ ရေပေါ်မှာပါ ပန်းချီဆွဲနိုင်ပါပြီတဲ့။
          ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ရက်နေ့မှာ MNA/Reuters ကထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်အရ အိန္ဒိယနိုင်ငံအလယ်ပိုင်းက အင်ဒိုမြို့တော်မှာရေပေါ်ပန်းချီ တကယ် ဆွဲနိုင်ပြီလို့ ဆိုပါတယ်။ တီထွင်ရေးဆွဲနိုင်သူကတော့ Arvind Acharya လို့ခေါ်တဲ့ ပန်းချီဆရာ တစ်ဦးဖြစ်ပါတယ်။ Acharya ဟာ ရေထဲမှာပန်းချီ ကားပေါင်း ၈၀ ကျော်ကို ရေးဆွဲပြခဲ့ရာမှာ အိန္ဒိယအတိုက်အခံ ကွန်ကရက်ပါတီ ခေါင်းဆောင် Sonia Gandhi ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ကွယ်လွန်သူ Mother Tersa ၊ ဟိန္ဒူဘုရား Shiva စတဲ့ပုံတူတွေအပြင် ရှုမျှော်ခင်းပုံတွေ ပါဝင်ခဲ့ပါသည်။
          Acharya ဟာငယ်စဉ်ကတည်းက ဆန်းသစ်တီထွင်တာကို ၀ါသနာပါသူဖြစ်ပါသည်။ ဟိမ၀န္တာ တောင်ပေါ်ကို တက်ရောက်ခဲ့တဲ့သူ၊ ပင်လယ်ကိုသက်စွန့်ဆံဖျားဖြတ်ကူးတဲ့သူ စတဲ့ သူရဲကောင်းတွေကို အားကျစိတ်အပြည့် ရှိခဲ့သူတစ်ဦးဖြစ်တယ်လို့လဲဆိုပါတယ်။ အခုလို ရေပေါ်မှာ ပန်းချီဆွဲနိုင်အောင်လို့ ဆယ်စုနှစ်တစ်နှစ်မက လက်တွေ့စမ်းသပ်ချက်တွေ အမျိုးမျိုးကို ပြုလုပ်ခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ရေပေါ်ပန်းချီဆွဲတာကို  တီထွင်နိုင်ပြီး ၂၀၀၁ ခုနှစ် မတ်လ တွင် မှတရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။
          အောက်ခံပြားတစ်ခုပေါ်မှာထည့်ထားတဲ့ ရေတိမ်တိမ် ပေါ်မှာဆေးရောင်ခြယ်မှုန့်တွေကို ဖြန့်ဖြူးပြီး ပုံတွေဖော်ခဲ့ပါတယ်။ ဒီဆေးမှုန့်တွေကိုရဖို့ ဓာတုပစ္စည်း ငါးမျိုးနဲ့ဖော်စပ် ရတယ်လို့ ဆိုပါတယ်။ ပုံတစ်ပုံအတွက်ရေးဆွဲချိန် ( ဆေးဖြူးချိန်လို့ ခေါ်ရင်လည်းမမှားပါဘူး) နှစ်နာရီကြာပြီး ပုံတစ်ပုံဟာ ရှစ်ရက်အထိ အထားခံပါတယ်။ အနည်းငယ် လှုပ်ရုံလောက်တော့မပျက်စီးနိုင်ပါဘူး လို့ဆိုပါတယ်။ သူစထွင်တုန်းကတော့ ဆေးမှုန့်တွေဟာ ရေထဲမှာ အမြန်ပျော်ဝင်သွားတတ်ပြီး အရောင်တွေလည်း ရောနှောသွားတတ်လို့ တော်တော်လေးအခက်အခဲတွေ့ခဲ့ရပါတယ်။ ဆေးမှုန့်တွေဟာ နောက်ဆုံးမှာ ရေထဲပျော်ဝင်သွားပြီး အဆုံသတ်တာမှန်ပေမယ့် အခု တီထွင် လိုက်တဲ့ ရောင်ခြယ်ဆေးတွေထက် ပိုကောင်းအောင်သူကြိုးစားနေဦးမှာအမှန်ပါပဲ။
          အခုဆိုရင် Acharya ဟာ Guinners Book of World Records နဲ့တူညီတဲ့ Limca Book of Indian Records မှာ စံချိန်တင်စာရင်းဝင်တစ်ဦးဖြစ်ခဲ့ပါပြီ။       
                                                                                                                                                                                                                                                                                                    



0 ပြောကြားချက်များ:

Post a Comment